မွန်ပြည်နယ်ကို တစ်ခါမှခြေမချဖူးသေးတဲ့ကျွန်မ အလွန်ပဲ စိတ်လှုပ်ရှားခဲ့ပါတယ်.... ပြီးတော့ဒီခရီးက ကျွန်မရဲ့ပထမဆုံး သူငယ်ချင်းတွေနဲ့ ထွက်ဖြစ်ခဲ့တဲ့ ခရီးစဉ်လေးလည်းဖြစ်ပါတယ်....
ကျွန်မတို့ရဲ့ ခရီးစဉ်လေးကို ၂၀၀၉ခု ဖေဖော်ဝါရီလ ၂၃ရက်နေ့ ည၉ နာရီ ၃၀မှာစတင်ခဲ့ပါတယ်....

------------------- ************* ------------------
(အတက်လမ်း...)

ကျောင်းသားတွေ စာမေးပွဲကာလမို့ ဘုရားဖူးကားပေါ်မှာ လူအတော်ရှင်းပါတယ်.... မှတ်မိသလောက်တော့ တစ်ဝက် သာသာလောက်ပဲရှိပါတယ်... ကျွန်မတို့အဖွဲ့က ၇ ယောက်ဖြစ်လို့ နှစ်ယောက်စီခွဲထိုင်ကြတဲ့အခါ အလိုက်အသိဆုံး ကျွန်မတို့ရဲ့အကိုကြီးက တစ်ယောက်တည်းသွားထိုင်ပေးပါတယ်.... (သူက အကောင်ကြီးတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးလေ... :P ) ရန်ကုန်မြို့အစွန် ပဲခူးတိုင်းအစပ်က ထောက်ကြန့်မြို့ကိုရောက်တော့ ၁၀နာရီ ၃၀လောက်ရှိပါပြီ လူတွေအတော်များများအိပ်ကြပြီဖြစ်လို့ လမ်းကတော်တော်ရှင်းနေခဲ့ပါတယ်...

မတွေ့ရတာကြာပြီ ဆိုတော့လဲ စကားတွေပြောလိုက်ကြတာ ပဲခူးရောက်သွားတာတောင် မသိလိုက်ပါဘူး..အဲ..မိုးပြည့်ကတော့ သံဗ္ဗုဒ္ဓေပဲ ရွတ်နေတယ်ထင်ပါတယ်... သူ့ကတိအတိုင်းပေါ့.... :P ပဲခူးမြို့အ၀င်က စားသောက်ဆိုင်မှာ ခဏနားကြတော့ ၁၁နာရီတောင်ကျော်နေပါပြီ... အိမ်ကဘာမှမကျွေးလိုက်ဘူးဆိုတော့လည်း မိုးပြည့်မေမေ ထည့်ပေးလိုက်တဲ့ ကြာဇံကြော်တွေကို အားနာနာနဲ့ တစ်ဝတစ်ပြဲ စားကြပါတယ်.... :P ပြီးတော့ ဓာတ်ပုံလည်းရိုက်ကြပါသေးတယ်.... ပဲခူးကနေထွက်တဲ့အချိန်ကနေပြီး တောက်လျှောက်မောင်းလိုက်တာ ၂ နာရီထိုးခါနီးမှာ ကျိုက်ထီးရိုးတောင်ခြေက ကင်ပွန်းစခန်းကိုရောက်ခဲ့ပါတယ်....

ဖေဖော်ဝါရီလကုန်ခါနီးပေမယ့် အဲ့ဒီမှာရာသီတုက အတော်အေးပါတယ်.... မေမေအမျှော်အမြင်ကြီးစွာထည့်ပေးလိုက်တဲ့ မာဖလာလေးနဲ့ အနွေးထည်လေးရဲ့တန်ဖိုးကို အဲ့ဒီတော့မှ ပိုပြီးနားလည်သွားပါတယ်...တောင်ပေါ်တက်တဲ့ကားက မနက် ၆း၀၀ နာရီမှ ဖွင့်မှာမို့ အခန်းတစ်ခန်းတော့ ငှားမှပဲလို့တိုင်ပင်ပြီး ၃၀၀၀နဲ့ အခန်းတစ်ခန်းငှားကြပါတယ်... တစ်ကယ်တော့ အခန်းလို့သာပြောတာ အခန်းလေးက ၆ပေ ပတ်လည် လောက်သာရှိတာမို့ လူအားလုံးဝင်ဆန့်ဖို့အတော် မလွယ်ပါဘူး.... အဲဒီအပြင် ပေါက်နေတဲ့သစ်သားကြားထဲက လေကတိုးပါသေးတယ်.... အဲ့ဒါနဲ့ အားလုံးအိပ်မရတဲ့အဆုံး တက်ကြွစွာနဲ့ ဖဲထိုင်ချကြပါတယ်....

အဲ့ဒါလည်း ကြာရှည်မခံပါဘူး... ဘာလို့လဲဆိုတော့ လူတွေများလွန်းပြီး အသက်ရှူကျပ်လာလို့ပါပဲ... ဒါကြောင့် အိပ်ချင်နေတဲ့သူတွေကို အိပ်ခိုင်းပြီး အပြင်မှာထွက်ထိုင်ကြပါတယ်... ဒါပေမယ့်လည်း ခဏကြာတော့လူတွေက ငိုက်လာကြပါတယ်... အချိန်က ၃း၀၀ နာရီလောက်ရှိပါပြီ... အဲ့ဒါနဲ့ ဖူးဖူးတို့က လမ်းလျှောက်ထွက်ကြပါတယ်... ကျွန်မကတော့အိပ်ချင်နေတာနဲ့ပဲ အခန်းငှားတဲ့ဆိုင်က စားပွဲတွေမှာ သွားအိပ်ဖို့ကြိုးစားပါတယ်... ဒါပေမယ့်အေးလည်းအေး ခြင်ကလည်းတွယ်တာကြောင့် စိတ်ရှုတ်ရှုတ်နဲ့ပဲ တစ်ယောက်တည်း လမ်းလျှောက်ထွက်ခဲ့ပါတယ်...

မီးကမှောင်မှောင်နဲ့ ကိုယ်မရောက်ဖူးတဲ့နေရာမို့လို့ သိပ်အဝေးကြီးလည်း မသွားရဲပါဘူး.... ဒီကြားထဲ လမ်းဘေးကအိပ်နေတဲ့ ခွေးတွေကလည်း ခဏခဏခေါင်းထောင်ကြည့်တာကြောင့် ကြောက်ကြောက်နဲ့ပြန်ပြေးခဲ့ပါတယ်...ပြီးတော့ ဆိုင်ထဲက စားပွဲမှာသွားထိုင်ပြီး အိပ်ဖို့ကြိုးစားပြန်ပါတယ်... ဆိုင်က စားပွဲထိုးကောင်မလေးတွေကတော့ အကျင့်ဖြစ်နေလို့ထင်ပါတယ်...ချမ်းချမ်းအေးအေး ထဲမှာပဲတိုးဝှေ့ပြီး အိပ်နေကြပါတယ်...

၅ နာရီ ၃၀ လောက်ကြတော့ အိပ်နေတဲ့သူတွေလည်းနိုးလာပါပြီ... အဲ့ဒါနဲ့ ကျွန်မလည်း မျက်နှာသစ်ဖို့ ဆိုင်အနောက်ဖက်က ရေချိုးခန်းတွေရှိတဲ့ ဆီကိုထွက်လာခဲ့ပါတယ်... ဖူးဖူးတို့လည်းလိုက်လာကြတာနဲ့ သူငယ်ချင်းတွေပျော်ရွှင်စွာနဲ့ မျက်နှာသစ်ကြပါတယ်....
ပြီးတော့ ညကကျန်တဲ့ ကြာဇံကြော်နဲ့ ဆိုင်ကကော်ဖီပူပူကိုသောက်ကြပါတယ်... အဲ့တော့မှပဲ လူလည်း နွေးနွေးထွေးထွေး ဖြစ်သွားပါတယ်...ပြီးတော့တောင်ပေါ်ကိုခရီးဆက်ဖို့ ပြင်ကြပါတယ်...

တောင်ပေါ်ဆိုပေမယ့် လိုင်းကားတွေက ရသေ့တောင်အထိပဲရောက်ပါတယ်... အရင်ကတော့ အပေါ်အထိ တက်ခွင့်ပေးတယ်လို့ ဆိုပါတယ်.. ဒါပေမယ့်နောက်ပိုင်း ကားတွေမှောက်လွန်းလို့ တက်ခွင့်မပေးတော့ဘူးလို့ သိရပါတယ်... ၆ နာရီကျော်ကျော် လေးသာရှိသေးပေမယ့် လိုင်းကားစီးတဲ့ဆီမှာတော့ လူတော်တော်ရှုတ်ပါတယ်... နေပူရင် တက်လို့မကောင်းလို့စောစော သွားကြတာလည်း ပါပါတယ်... ကားခကတစ်ယောက်ကို ၁၅၀၀ ပေးရပြီး တစ်တန်းကို ၆ယောက်ထိုင်ရတော့ ကျပ်နေတာပါပဲ....ဒါတောင်မှကားက တော်တော်နဲ့မထွက်ပါဘူး... ဘာလို့လဲဆိုတော့နောက်ဆုံးတန်းမှာ တစ်ယောက်စာလိုနေလို့ပါတဲ့... အဲ့ဒါနဲ့ သည်းမခံနိုင်တဲ့အဆုံး ak က အဲဒီတစ်ယောက်စာသူပေးမယ်ဆိုပြီး ကားကိုထွက်ခိုင်းပါတယ်....

ကားကြီးတွေကတော်တော်ကြီးပါတယ်... ပြီးတော့ အမိုးဖွင့်ထားလို့ လေတဖြူးဖြူးနဲ့ စီးရတာတော်တော်ကောင်းပါတယ်.... တောတောင်ရှု့ခင်းတွေက လည်းတော်တော်သာယာပါတယ်....မိနစ်၂၀လောက်ကြာတော့ ကားကခဏရပ်ပါသေးတယ်... အဆင်းကားတွေကိုစောင့်ရလို့ ဖြစ်ပါတယ်...အဲ့ဒီမှာပဲ စပါယ်ယာက ကားခကောက်ပါတယ်.... အဲ့ဒီစခန်းလေးရဲ့ဘေးမှာ တောင်ပေါ်ကစီးကျလာတဲ့ ရေတံခွန်လေးလည်း ရှိပါတယ်....စိတ်ကြည်နူးစရာပါပဲ....

အဆင်းကားတွေ ပြီးသွားတဲ့အခါ အတက်ကားတွေ စတက်ကြပါတယ်... လမ်းတွေကပိုမတ်လာပြီး တောကလည်းပိုနက်လာပါတယ်.... ကျွန်မတို့တစ်တွေကားပေါ်မှာ အပူအပင်ကင်းစွာနဲ့ RP ကအကြောင်းတွေတောင်ပြောဖြစ်ကြပါသေးတယ်....အဲ့ဒီလိုနဲ့ ရသေ့တောင်ကို ရောက်ခဲ့ပါတော့တယ်...