အပြင်ဖက်မှာမိုးများက သည်းထန်စွာရွာနေလေသည်... ချမ်းအေးသော လေအေးများကိုကာကွယ်ရန် ပြတင်းပေါက်ကိုပိတ်ရင်း အနွေးထည်ပါးပါးလေးတစ်ထည်ကို ကောက်ဝတ်လိုက်မိသည်....
မနေ့ကအလုပ်အပြန်မိုးမိ၍ လူကကောင်းကောင်း နေမကောင်းချင်...သို့သော် ဆာလောင်နေသော အစာအိမ်ကို ကိုယ်မှမဖြည့်လျှင် ပြည့်လာမှာမဟုတ်သည့်အပြင် လှုပ်လှုပ်ရှားရှားနေလိုက်လျှင် ကောင်းလာလေမလား ဟူသောမျှော်လင့်ချက်တစ်ဖက်တို့ဖြင့် မီးဖိုထဲဝင်ကာချက်ပြုတ်ရပြန်လေသည်...အခုချိန်မှာ တစ်ယောက်ယောက်က စားစရာလေးတစ်ခုခုကို ပြင်ပေးပြီး အိပ်ရာဘေးအရောက်လာပို့ရင် ကောင်းမှာပဲလို့လည်း ကလေးဆန်စွာ စိတ်ကူးယဉ်မိပြန်သည်....တစ်ဆက်တည်းမှာပဲ... "သမီး ဘာစားချင်လဲ... ဖေဖေဘာဝယ်ပေးရမလဲ" ဟုကျွန်မနေမကောင်းတိုင်း အဲ့ဒီလိုအမြဲမေးတတ်သော ဖေဖေ့ကိုသတိရမိလေသည်......
ကျွန်မဖေဖေကို လွန်ခဲ့သောအနှစ် ၅၀ ခန့်က တောင်ဒဂုံမြို့နယ် သိမ်ကျောင်းရွာလေးမှာ မွေးဖွားခဲ့သည်...မောင်နှမလေးယောက်ထဲမှာ အကြီးဆုံးနှင့်တစ်ဦးတည်းသောသား ဖြစ်သော်လည်း...ဖေဖေ့မှာအလိုလိုက်ခြင်းမခံခဲ့ရ... အသက်မကွာသော ညီမငယ်များကြောင့် ဖွားဖွားက ဖေဖေ့ကိုသူမအမေအိမ်ပို့ကာ ကျောင်းတက်စေသည်....ဖေဖေ့အဖွားမှာလည်း ဖေဖေ့ထက်ရက်ပိုင်းငယ်သော သားတစ်ယောက်ရှိလေသည်....အသက်ကငယ်သော်လည်း ၀ါကကြီးသည်မို့ ဖေဖေကြောက်ခဲ့ရသည်တဲ့....ထိုအချိန်က ၃ ၄ တန်းသာ ရှိသေးသောဖေဖေ့မှာ ရေလည်းထမ်းခဲ့ဖူးသလို ဈေးလည်းရောင်းခဲ့ဖူးလေသည်...ကန်စွန်းရွက်ပေါ်ချိန် ကန်စွန်းရွက်ခူးရသလို ရွှေပန်းငွေပန်းများ ပွင့်ချိန်တွင်လည်း...ပန်းသီခဲ့ရလေသည်...အရွယ်မကွာသောဦးလေးနှင့်ယှဉ်လျှင် များစွာပင်ပန်းခဲ့ရလေသည်...
ကားမောင်းသော ဖိုးဖိုးက နှစ်ပါတ်တစ်ခါ လာ၍လည်တတ်လေသည်....ထိုအခါတိုင်း ဖေဖေအရမ်းပျော်ခဲ့သည်ဟု ရီဝေစွာပြောပြဖူးလေသည်....ဖိုးဖိုးပြန်သွားတိုင်း မြင်ကွင်းတစ်ဆုံးအထိ လိုက်ရွေ့ကြည့်မိသည်ဟုလည်း သူငယ်စဉ်ကလျှို့ဝှက်ချက်ကို ပြောပြဖူးလေသည်...ဖေဖေငယ်စဉ်က လူကောင်သေး၍ လူတိုင်း၏ အနိုင်ကျင့်ခြင်ကိုလည်း ခံခဲ့ရလေသည်....တင်းနစ်ဘော်လုံးလေးတစ်လုံး အမိုးပေါ်တင်သွားသည့်အတွက် တစ်နှစ်ပါတ်လုံး နေ့လည်စာအတွက် ဆွမ်းတော်ကို ထန်းလျက်နှင့်စားကာ ဘောလုံးဖိုးစုခဲ့ရပုံကို ကြားရတိုင်း...ကျွန်မမျက်ရည်ဝဲမိသည်....
ငယ်စဉ်ကချို့တဲ့ခဲ့သောဖေဖေသည် ချို့တဲ့ခြင်း၏အရသာကို ကျွန်မတို့မောင်နှမ မခံစားရအောင် ကြိုးစားခဲ့လေသည်... မိသားစုနှင့်ဝေးသောနေရာတွင် အသက်နှင့်ရင်းကာ တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေသော ဖေဖေ့အတွက် ကျွန်မအမြဲဂုဏ်ယူမိလေသည်... ဖေဖေ့ကျောပြင်မှ လက်နက်ကြီးမှန်ထားသော ဒဏ်ရာကိုတွေတိုင်း ဖေဖေ့အတွက် ကျွန်မ၀မ်းနည်းခဲ့ရသလို ဂုဏ်လည်းယူမိလေသည်...
ဆယ်တန်းအောင်ဘ၀မှ စစ်ထဲဝင်ခဲ့သော ဖေဖေသည် တက္ကသိုလ်ကျောင်းသားဘ၀ကိုလည်း မခံစားဖူးခဲ့ပေ... အစွန်ဆုံး ကံ့ကော်မြေကိုပင် ကျောင်းသားဘ၀နှင့် ရောက်ဖူးလိမ့်မည်မထင်...ထိုအကြောင်းကို မသိခဲ့သောကျွန်မသည် ငယ်စဉ်က ဖေဖေ့ပညာအရည်အချင်းအတွက် ရှက်ခဲ့ဖူးလေသည်...ကျောင်းမှာဖြည့်ခိုင်းသော အဖေ၏ပညာအရည်အချင်းတွင် ရေးရမည်ကို ကျွန်မကြောက်ခဲ့ဖူးလေသည်.... ထိုအကြောင်းကိုရိပ်မိခဲ့သော ဖေဖေသည် ကျွန်မအတွက် ဘွဲ့တစ်ခုကိုယူပေးခဲ့လေသည်... စာကျက်လေ့မရှိတော့သော ဦးနှောက်ကိုအားပြုကာ ကိုယ့်သားသမီးအရွယ် သူငယ်ချင်းများကြားမှာ ၀ီရိယကိုအဓိကထား၍ ဖေဖေကြိုးစားခဲ့လေသည်.... အလုပ်တာဝန်များကြောင့် နားခဲ့ရသောနှစ်များမှအပ ကျန်နှစ်များကိုတော့ ဖေဖေနှစ်ချင်းပေါက်အောင်မြင်ခဲ့လေသည်.... ထို့ကြောင့် ဖေဖေသည် ပညာရေးနှင့်ပတ်သက်လာလျှင် ကျွန်မတို့မောင်နှမအပေါ် လွန်စွာမျှော်လင့်လေသည်...သူမရနိုင်ခဲ့သော အောင်မြင်မှုမျိုးကို ရစေချင်လေသည်...
မောင်လေးနှင့်ယှဉ်လျှင် ကျွန်မအပေါ်အလေးသာတတ်သော ဖေဖေ့အပေါ် ကျွန်မလွန်စွာဆိုးခဲ့ဖူးလေသည်... လိုချင်တာကို မရ ရအောင်ပူဆာဖူးလေသည်... အခက်အခဲတွေ့သောအခါတွင်လည်း အမေ့အရင် အဖေ့ကိုတိုင်ပင်ဖူးလေသည်...
ဖေဖေသည် ကျွန်မကို ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်စေချင်သည်...မှီခိုစရာများခဲ့သောကျွန်မသည် ဆယ်တန်းအောင်သည့်အထိ ကားလမ်းကူးလျှင် အဖေအမေ လက်ကိုကိုင်ဆဲ ဖြစ်သည်...ထို့ကြောင့်ဖေဖေက မှီခိုစရာလူများနှင့်ဝေးရာကို သွားစေချင်သည်...ထို့ကြောင့်ပင် အဖေ့အတွက် ကျွန်မသည်ဤနေရာ ဤဒေသသို့ ရောက်ရှိခဲ့လေသည်...
မနေ့က ဖေဖေ့ မွေးနေ့ဖြစ်သည့်အတွက်...ဖုန်းခေါ်ကာ Birthday Wish လုပ်တော့ ကျွန်မအသံကို ရုတ်တရက် မမှတ်မိ... ပြီးမှ ကျွန်မဖုန်းကိုမျှော်နေကြောင်း ဖုန်းဆက်သည့်အတွက် အလွန်ဝမ်းသာကြောင်းပြောတော့ ကျွန်မရင်ထဲမှာ မကောင်းမိ... မေမေနှင့်သာ အပတ်စဉ်ဖုန်းပြောမိသော ကျွန်မမှာ တစ်ခါတစ်လေမှအားတတ်သော ဖေဖေ့ဖုန်းကို မဆက်ဖြစ်သည်မှာ ၈လပင်ရှိတော့မည်....
ဖေဖေသည် ကျွန်မစိတ်ချမ်းသာအောင် အမြဲပြောတတ်လေသည်... ကျွန်မအရင်က မီးဖိုကိစ္စစိတ်မ၀င်စားခဲ့ မေမေကသင်ပေးမည်ဟု ပြောသော်လည်း ကျွန်မ မသင်ချင်....တစ်ခါတစ်လေ စိတ်ကူးမိသောအရာများကို လျှောက်ချက်တော့လည်း မေမေကအရူးဟင်းဟု အမြဲပြောသည်...ထိုအခါတိုင်း ဖေဖေသည်သာ ကျွန်မ၏ တစ်ဦးတည်းသော စားသုံးသူဖြစ်ခဲ့သည်.... အခုကျွန်မဟင်းချက်တတ်ခဲ့လေပြီ...ကျွန်မဟင်းချက်ပုံကိုပြောပြတိုင်း မေမေက အံ့သြစွာနားထောင်သည်....တယ်ဟုတ်ပါလားဟု ချီးမွန်းသည်....ကျွန်မစိတ်ကူးထားမိသည်.. ဒီတစ်ခါပြန်လျှင် ကျွန်မ၏ တစ်ဦးတည်းသော စားသုံးသူကို ချက်ကျွေးရဦးမည်ဟု......
ကျွန်မကြိုးစားရဦးမည်....ကျွန်မ၏ဘ၀တွင် လိုချင်တာရစေခဲ့သော ကျွန်မကိုအလွန်ချစ်၍ အမြဲကာကွယ်ပေးခဲ့သော ဖေဖေ့၏ တတိယအရွယ်တွင် လိုအပ်မှု့တိုင်းကို ဖြည့်ဆည်းပေးနိုင်သည့် အမှီအခိုကင်းသည့် သမီးတစ်ယောက်ဖြစ်လာချင်ပါသည်...ထို့အတွက် အခုအချိန်တွင်တော့ ဖေဖေ့ဘေးမှာမနေနိုင်သေးသည်ကို ကျွန်မနှုတ်မှ ဖွင့်မပြောသော်လည်း ဖေဖေခွင့်လွှတ် နားလည်နေလိမ့်မည်ဟု ကျွန်မယုံကြည်နေပါသည်.....
ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာမှာ လင်မယားနှစ်ယောက်ရှိသတဲ့... သူတို့က တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ကြတဲ့ စုံတွဲပေါ့.... တစ်နေ့တော့ ယောကျာ်းလုပ်တဲ့ သူကခရီးတစ်ခုကို အကြာကြီးသွားရပါသတဲ့.... အဲ့ဒီခရီးကလည်းပြန်လာရော သူကသူ့မိန်းမကို အရင်ကလောက် မကြင်နာ၊ မယုယတော့ ပါဘူးတဲ့.... အဲ့ဒီတော့ မိန်းမလုပ်တဲ့သူက သံသယတွေဝင်လာတာပေါ့... သူ့ယောကျာ်း အခြားတစ်ယောက်များတွေ့နေသလားပေါ့...
ွှအဲ့ဒါနဲ့ သူတို့ရွာက နာမည်ကြီးဆေးဆရာကြီးဆီကိုသွားပြီးတော့ သူ့ယောကျာ်းသူ့ကို အရင်လိုပြန်ပြီး ဂရုစိုက်လာအောင်လုပ်ပေးနိုင်တဲ့ ဆေးဖော်ပေးဖို့ ပြောပါသတဲ့...သမားတော်ကြီးက နင် ငါ့ကို ကျားနှုတ်ခမ်းမွှေး ရှာပေးနိုင်ရင် အဲ့ဒီဆေးဖော်ပေးမယ်လို့ပြောသတဲ့...
ပြီးတော့ သမားတော်ကြီးက ထပ်ပြောသေးတာက သူလိုချင်တဲ့ ကျားနှုတ်ခမ်းမွှေးက အဲ့ဒီ အမျိုးသမီးကိုယ်တိုင် ကျားအရှင်ဆီကနေ ဆွဲနှုတ်လာတဲ့ဟာဖြစ်ရမယ်တဲ့...အဲ့ဒါနဲ့ အမျိုးသမီးက အဲ့ဒါတော့မဖြစ်နိုင်ဘူးပေါ့...သမားတော်ကြီးကလည်းအလျှော့မပေးဘူးတဲ့... အဲ့ဒီ ကျားနှုတ်ခမ်းမွှေးမှ မရရင် ကုမပေးနိုင်ဘူးလို့ ငြင်းလိုက်သတဲ့...သနားစရာအမျိုးသမီးမှာတော့ ကြံရာမရတဲ့အဆုံး သမားတော်ကြီးပြောသလိုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါသတဲ့...
အဲ့အမျိုးသမီးဟာ နောက်တစ်နေ့ညကစလို့ အသားနဲ့ထမင်းတွေကို ပန်းကန်ထဲထည့်ပြီးတော့ သူတို့ရွာနောက် တောနားက ဂူထဲမှာနေတဲ့ ကျားကြီးဆီကိုသွားပါသတဲ့...အစပိုင်းရက်တွေမှာတော့ ကြောက်လည်းကြောက်တာကြောင့် ဝေးဝေးမှာပဲထားခဲ့သတဲ့...ဒီလိုနဲ့ တစ်ရက်ကိုတစ်လှမ်းချင်း တိုးသွားလိုက်တာ ၃လလောက်ကြာတဲ့အခါမှာတော့ ဂူနားကို ရောက်သွားပါသတဲ့... မြင်တာကြာပြီဖြစ်တဲ့အတွက် ကျားကြီးကလည်းသူ့ကိုရင်းနှီးနေပြီပေါ့... အဲ့ဒီလိုနဲ့ တစ်နေ့မှာတော့ ကျားကြီးကဂူထဲကနေထွက်ပြီး သူယူလာတဲ့ပန်းကန်ထဲက ထမင်းတွေကို စားပါသတဲ့....
အဲ့ဒါနဲ့ အမျိုးသမီးကလည်းကျားကြီးရဲ့ခေါင်းကို ဖြည်းဖြည်းလေးပွတ်ပေးပါသတဲ့....အဲ့ဒီလို ပွတ်ပေးရင်းနဲ့ ကျားကြီးရဲ့ နှုတ်ခမ်းမွှေးကို ရုတ်တရက်ဆွဲနှုတ်လိုက်ပါသတဲ့....ကျားကြီး ဒေါပွသွားမလားလို့ စိုးရိမ်နေပေမယ့် ကျားကြီးကတော့ ဂရုပြုမိပုံတောင် မရပါဘူးတဲ့... အတိုင်းမသိပျော်နေမိတဲ့ အမျိုးသမီးက နောက်နေ့ကြတော့ ဆေးဆရာကြီးဆီ ပြန်သွားပြီး သူ ကျားနှုတ်ခမ်းမွှေး ရခဲ့ပါပြီဆိုပြီး ရအောင်ကြိုးစားခဲ့ပုံကိုပြောပြီး နှုတ်လာတဲ့ ကျားနှုတ်ခမ်းမွှေးတွေကိုပြသတဲ့... အဲ့ဒါနဲ့ ဆေးဆရာကြီးကသူ့ကိုပြလို့ပြောပြီး မီးဖိုထဲကို ပစ်ထည့်လိုက်ပါသတဲ့....
အမျိုးသမီးလည်း ဒေါသထွက်တာပေါ့... အဲ့ဒါနဲ့ဆေးဆရာကြီးက ပြောသတဲ့... "နင် တောရိုင်းသတ္တ၀ါရဲ့ မေတ္တာကိုတောင်ရအောင် ယူနိုင်ခဲ့တာ လူဖြစ်တဲ့ နင့်ယောကျာ်းဆီက အကြင်နာတွေကိုရအောင် ပြန်မယူနိုင်ဘူးလား" လို့မေးပါသတဲ့...အဲဒီတော့မှ အမျိုးသမီးလည်းအမြင်မှန်ရသွားတော့ သတဲ့...
ပုံပြင်လေးကတော့ အဲ့ဒါပါပဲ...ကျွန်မ အဲ့ဒီပုံပြင်လေးကိုဖတ်ဖူးတာ ဆယ်တန်းအောင်ပြီစလောက်ကပါ...ဒီပုံပြင်လေးက ရိုးရှင်းပေမယ့် တွေးတတ်ရင် တွေးစရာတွေအများကြီးပါ...အဲ့ဒီအချိန်ကစလို့ ကျွန်မဘ၀မှာ အခက်အခဲတွေတွေ့လေတိုင်း "ကျားနှုတ်ခမ်းမွှေး" ဆိုတဲ့ အဲဒီပုံပြင်လေးကို သတိရမိပါတယ်....ကျွန်မဘ၀မှာအလိုချင်ဆုံးအရာတစ်ခုကိုလည်း အဲ့ဒီစိတ်နဲ့ ရယူနိုင်ခဲ့ပါပြီ...
စာဖတ်သူ သူငယ်ချင်းတို့လည်း...အသုံးချကြည့်ကြပါ...တစ်ကယ်ဖြစ်လာလိမ့်မယ်လို့ ကျွန်မရဲရဲကြီးကိုအာမခံပါတယ်...အဲ..ဇွဲရှိဖို့တော့လိုတာပေါ့နော်.... :P