စူးရှရှမီးခိုးနံ့က စိတ်ပျက်စရာကောင်းလောက်အောင် ပျံ.နှံ့နေလေသည်။ ခြောက်သွေ့နေသော မြေလမ်းဘေးမှ မြက်ခြောက်များက တဖျောက်ဖျောက် လောင်ကျွမ်းနေကြလေသည်။ ဒီအရပ် ဒီဒေသကို ပျော်စရာမကောင်းဟုပြောကြသော်လည်း ဒီလောက်ဆိုးလိမ့်မည်ဟုမထင်ထားမိခဲ့... ခုတော့...
ထိုနေ့က ၁၉၉၆ ဖေဖော်ဝါရီလ၏ သောကြာနေ့တစ်နေ့... ဖေဖေရုံးကအပြန် သတင်းတစ်ခုကို ပါသယ်လာခဲ့လေသည်။ ပြောင်းရတော့မည်တဲ့....မရောက်ဖူးသေးသောဒေသကိုသွားရတော့မည်မို့ ကျွန်မအတွက်ကတော့ သတင်းကောင်းတစ်ခုလို ဖြစ်ခဲ့လေသည်။ သို့သော်...
“ကလေးတွေကိုခေါ်မသွားပါနဲ့ သမီးရယ်...ပင်ပန်းလွန်းပါတယ်” ဟုဖွားဖွားက ကန့်ကွက်လေသည်။...မေမေကတော့ ဒီမိသားစုလေးပဲရှိတာမို့ မခွဲပါရစေနဲ့လို့ဇွတ်ငြင်းသည်။...ဖေဖေ ကတော့ဘာမှမပြော... မေမေ့သဘောအတိုင်းသာ....
ခရီးမထွက်တာကြာပြီမို့ မြင်သမျှအရာအားလုံးကစိတ်ဝင်စားဖွယ်အတိ.. ထို့အတူ နေရာအသစ်၏အငွေ့အသက်ကလည်း ထူးခြားသည်။ လမ်းတစ်လျှောက်မြင်ရသော မြို့လေးများမှာအေးချမ်းတိတ်ဆိတ်လှသည်။ နယ်မြို့လေးများထုံးစံအတိုင်း လူနေကျဲပါးလှသည်။..တစ်နေကုန်လုနီး ညနေစောင်းနေ၀င်ချိန်တွင် ပထမဆုံးခရီးတစ်ထောက်နားရာ “လွိုင်ကော်”ဆိုသောမြို့လေးသို့ ဆိုက်ရောက်ခဲ့လေသည်။ ကယားပြည်နယ်၏မြို့တော် ဟုခေါ်တွင်ကြသော်လည်း ရန်ကုန်နှင့်စာလျှင်သေးငယ်လွန်းလှသည်။ သို့သော်လည်း နွေးထွေးသောဒေသခံများ၏ အပြုံးများကလှိုက်လှဲပျူငှာလှသည်။
တည်းခိုရာအိမ်မှ ဖေဖေ့မိတ်ဆွေမိသားစုကလည်း ခင်မင်စရာကောင်းလှသည်။ အိမ်လေးမှာ ချောင်းကမ်းပါးဖက်ကိုမျက်နှာမူထားသောကြောင့် လှပသောညနေစောင်းမှာ ပိုပြီးပြည့်စုံနေတော့သည်။ တစ်ညနေလုံး မြို့ကိုလည်ပတ်ရင်းအိမ်ပြန်ရောက်တော့ ၈း၀၀ ပင်ထိုးခါနီးလေပြီ။ မေမေကစောစောအိပ်ဖို့တိုက်တွန်းလေသည်။ နောက်နေ့ခရီးဆက်ရအုံးမည်တဲ့...
လွိုင်ကော်မှစထွက်ကတည်းက ဆိုးလိုက်သည့်လမ်းမှာ ရစရာမရှိ။ သက်မဲ့ကားတော့မသိ သက်ရှိလူကတော့ ပြန်လှည့်ချင်စိတ်ကိုမနည်းချုပ်တည်းထားရသည်။ ဖြတ်သန်းရသောတောင်တန်းများမှာလည်း ဆုံးသည်မရှိတော့...ဘယ်တော့များရောက်လိမ့်မလဲလို့ မျှော်ရသည်မှာလဲကြာလာတော့ အားမရှိချင်တော့...နှစ်နာရီလောက်ကြာတော့ ရွာလေးတစ်ရွာကိုရောက်လေသည်။ “နန်းဖဲ” တဲ့...
တစ်ရွာလုံးက ဒေသခံများဖြစ်ကြပြီး မြန်မာစကားပင်ချောအောင် မပြောတတ်ကြ...အ၀တ်အစားများမှာလည်း တစ်မျိုးတစ်ဖုံ ထူးခြားနေလေသည်။ မနက်စာအတွက် ကောက်ညှင်းထုပ်နှင့်ပင်ကျေနပ်လိုက်ရသည်။ စိတ်ပျက်လိုက်သည်မှာရစရာမရှိတော့...
တောင်နှစ်လုံးကျော်ရင်တော့ရောက်ပါပြီတဲ့...ဖေဖေ့ကိုလာကြိုသောဦးလေးကြီးကပြောလေသည်။ အင်း....တောင်နှစ်လုံးတဲ့....
တစ်တောလုံးမီးခိုးများက ဖုံးလွှမ်းနေလေသည်။ တောမီးလောင်နေသည်တဲ့... တစ်ချို့နေရာများကတော့ မီးလောင်ပြင်ဖြစ်နှင့်လေပြီ..အစိမ်းနုနု မြက်ကလေးများကလည်း ထိုမီးလောင်ပြင်ထဲမှ တိုးထွက်နေကြသည်။ လေထဲမှာတော့ မီးခိုးပြာများက လွင့်ပျံ့နေလေသည်။
တစ်နာရီခွဲအကြာမှာတော့ မြက်တောထဲမှာမြုပ်လုနီးနေသော ဆိုင်းဘုတ်လေးတစ်ခုကိုမြင်ရသည်။ “ဘော်လခဲမြို့မှ လှိုက်လှဲစွာ ကြိုဆိုပါ၏”တဲ့ ...အော်...နောက်ဆုံးတော့ရောက်ခဲ့ပြီကိုး.... ဆက်ရန်.. :P
2 comments:
အတွေ့အကြုံတွေ မျှဝေပေးတဲ့အတွက် thx ပါ။
"ဆက်ရန်" ကိုစောင့်နေတယ်နော်..
ကိုယ်တိုင်အဲဒီနေရာကိုရောက်သွားသလိုခံစားရပါတယ်။
နောက်ပိုင်းအခန်းတွေကပိုစိတ်ဝင်စားစရာကောင်းလိမ့်
မယ်ဆိုတာကြိုသိနေတယ်။ hehe...:)
Post a Comment