အပြင်ဖက်မှာမိုးများက သည်းထန်စွာရွာနေလေသည်... ချမ်းအေးသော လေအေးများကိုကာကွယ်ရန် ပြတင်းပေါက်ကိုပိတ်ရင်း အနွေးထည်ပါးပါးလေးတစ်ထည်ကို ကောက်ဝတ်လိုက်မိသည်....
မနေ့ကအလုပ်အပြန်မိုးမိ၍ လူကကောင်းကောင်း နေမကောင်းချင်...သို့သော် ဆာလောင်နေသော အစာအိမ်ကို ကိုယ်မှမဖြည့်လျှင် ပြည့်လာမှာမဟုတ်သည့်အပြင် လှုပ်လှုပ်ရှားရှားနေလိုက်လျှင် ကောင်းလာလေမလား ဟူသောမျှော်လင့်ချက်တစ်ဖက်တို့ဖြင့် မီးဖိုထဲဝင်ကာချက်ပြုတ်ရပြန်လေသည်...အခုချိန်မှာ တစ်ယောက်ယောက်က စားစရာလေးတစ်ခုခုကို ပြင်ပေးပြီး အိပ်ရာဘေးအရောက်လာပို့ရင် ကောင်းမှာပဲလို့လည်း ကလေးဆန်စွာ စိတ်ကူးယဉ်မိပြန်သည်....တစ်ဆက်တည်းမှာပဲ... "သမီး ဘာစားချင်လဲ... ဖေဖေဘာဝယ်ပေးရမလဲ" ဟုကျွန်မနေမကောင်းတိုင်း အဲ့ဒီလိုအမြဲမေးတတ်သော ဖေဖေ့ကိုသတိရမိလေသည်......
ကျွန်မဖေဖေကို လွန်ခဲ့သောအနှစ် ၅၀ ခန့်က တောင်ဒဂုံမြို့နယ် သိမ်ကျောင်းရွာလေးမှာ မွေးဖွားခဲ့သည်...မောင်နှမလေးယောက်ထဲမှာ အကြီးဆုံးနှင့်တစ်ဦးတည်းသောသား ဖြစ်သော်လည်း...ဖေဖေ့မှာအလိုလိုက်ခြင်းမခံခဲ့ရ... အသက်မကွာသော ညီမငယ်များကြောင့် ဖွားဖွားက ဖေဖေ့ကိုသူမအမေအိမ်ပို့ကာ ကျောင်းတက်စေသည်....ဖေဖေ့အဖွားမှာလည်း ဖေဖေ့ထက်ရက်ပိုင်းငယ်သော သားတစ်ယောက်ရှိလေသည်....အသက်ကငယ်သော်လည်း ၀ါကကြီးသည်မို့ ဖေဖေကြောက်ခဲ့ရသည်တဲ့....ထိုအချိန်က ၃ ၄ တန်းသာ ရှိသေးသောဖေဖေ့မှာ ရေလည်းထမ်းခဲ့ဖူးသလို ဈေးလည်းရောင်းခဲ့ဖူးလေသည်...ကန်စွန်းရွက်ပေါ်ချိန် ကန်စွန်းရွက်ခူးရသလို ရွှေပန်းငွေပန်းများ ပွင့်ချိန်တွင်လည်း...ပန်းသီခဲ့ရလေသည်...အရွယ်မကွာသောဦးလေးနှင့်ယှဉ်လျှင် များစွာပင်ပန်းခဲ့ရလေသည်...
ကားမောင်းသော ဖိုးဖိုးက နှစ်ပါတ်တစ်ခါ လာ၍လည်တတ်လေသည်....ထိုအခါတိုင်း ဖေဖေအရမ်းပျော်ခဲ့သည်ဟု ရီဝေစွာပြောပြဖူးလေသည်....ဖိုးဖိုးပြန်သွားတိုင်း မြင်ကွင်းတစ်ဆုံးအထိ လိုက်ရွေ့ကြည့်မိသည်ဟုလည်း သူငယ်စဉ်ကလျှို့ဝှက်ချက်ကို ပြောပြဖူးလေသည်...ဖေဖေငယ်စဉ်က လူကောင်သေး၍ လူတိုင်း၏ အနိုင်ကျင့်ခြင်ကိုလည်း ခံခဲ့ရလေသည်....တင်းနစ်ဘော်လုံးလေးတစ်လုံး အမိုးပေါ်တင်သွားသည့်အတွက် တစ်နှစ်ပါတ်လုံး နေ့လည်စာအတွက် ဆွမ်းတော်ကို ထန်းလျက်နှင့်စားကာ ဘောလုံးဖိုးစုခဲ့ရပုံကို ကြားရတိုင်း...ကျွန်မမျက်ရည်ဝဲမိသည်....
ငယ်စဉ်ကချို့တဲ့ခဲ့သောဖေဖေသည် ချို့တဲ့ခြင်း၏အရသာကို ကျွန်မတို့မောင်နှမ မခံစားရအောင် ကြိုးစားခဲ့လေသည်... မိသားစုနှင့်ဝေးသောနေရာတွင် အသက်နှင့်ရင်းကာ တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေသော ဖေဖေ့အတွက် ကျွန်မအမြဲဂုဏ်ယူမိလေသည်... ဖေဖေ့ကျောပြင်မှ လက်နက်ကြီးမှန်ထားသော ဒဏ်ရာကိုတွေတိုင်း ဖေဖေ့အတွက် ကျွန်မ၀မ်းနည်းခဲ့ရသလို ဂုဏ်လည်းယူမိလေသည်...
ဆယ်တန်းအောင်ဘ၀မှ စစ်ထဲဝင်ခဲ့သော ဖေဖေသည် တက္ကသိုလ်ကျောင်းသားဘ၀ကိုလည်း မခံစားဖူးခဲ့ပေ... အစွန်ဆုံး ကံ့ကော်မြေကိုပင် ကျောင်းသားဘ၀နှင့် ရောက်ဖူးလိမ့်မည်မထင်...ထိုအကြောင်းကို မသိခဲ့သောကျွန်မသည် ငယ်စဉ်က ဖေဖေ့ပညာအရည်အချင်းအတွက် ရှက်ခဲ့ဖူးလေသည်...ကျောင်းမှာဖြည့်ခိုင်းသော အဖေ၏ပညာအရည်အချင်းတွင် ရေးရမည်ကို ကျွန်မကြောက်ခဲ့ဖူးလေသည်.... ထိုအကြောင်းကိုရိပ်မိခဲ့သော ဖေဖေသည် ကျွန်မအတွက် ဘွဲ့တစ်ခုကိုယူပေးခဲ့လေသည်... စာကျက်လေ့မရှိတော့သော ဦးနှောက်ကိုအားပြုကာ ကိုယ့်သားသမီးအရွယ် သူငယ်ချင်းများကြားမှာ ၀ီရိယကိုအဓိကထား၍ ဖေဖေကြိုးစားခဲ့လေသည်.... အလုပ်တာဝန်များကြောင့် နားခဲ့ရသောနှစ်များမှအပ ကျန်နှစ်များကိုတော့ ဖေဖေနှစ်ချင်းပေါက်အောင်မြင်ခဲ့လေသည်.... ထို့ကြောင့် ဖေဖေသည် ပညာရေးနှင့်ပတ်သက်လာလျှင် ကျွန်မတို့မောင်နှမအပေါ် လွန်စွာမျှော်လင့်လေသည်...သူမရနိုင်ခဲ့သော အောင်မြင်မှုမျိုးကို ရစေချင်လေသည်...
မောင်လေးနှင့်ယှဉ်လျှင် ကျွန်မအပေါ်အလေးသာတတ်သော ဖေဖေ့အပေါ် ကျွန်မလွန်စွာဆိုးခဲ့ဖူးလေသည်... လိုချင်တာကို မရ ရအောင်ပူဆာဖူးလေသည်... အခက်အခဲတွေ့သောအခါတွင်လည်း အမေ့အရင် အဖေ့ကိုတိုင်ပင်ဖူးလေသည်...
ဖေဖေသည် ကျွန်မကို ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်စေချင်သည်...မှီခိုစရာများခဲ့သောကျွန်မသည် ဆယ်တန်းအောင်သည့်အထိ ကားလမ်းကူးလျှင် အဖေအမေ လက်ကိုကိုင်ဆဲ ဖြစ်သည်...ထို့ကြောင့်ဖေဖေက မှီခိုစရာလူများနှင့်ဝေးရာကို သွားစေချင်သည်...ထို့ကြောင့်ပင် အဖေ့အတွက် ကျွန်မသည်ဤနေရာ ဤဒေသသို့ ရောက်ရှိခဲ့လေသည်...
မနေ့က ဖေဖေ့ မွေးနေ့ဖြစ်သည့်အတွက်...ဖုန်းခေါ်ကာ Birthday Wish လုပ်တော့ ကျွန်မအသံကို ရုတ်တရက် မမှတ်မိ... ပြီးမှ ကျွန်မဖုန်းကိုမျှော်နေကြောင်း ဖုန်းဆက်သည့်အတွက် အလွန်ဝမ်းသာကြောင်းပြောတော့ ကျွန်မရင်ထဲမှာ မကောင်းမိ... မေမေနှင့်သာ အပတ်စဉ်ဖုန်းပြောမိသော ကျွန်မမှာ တစ်ခါတစ်လေမှအားတတ်သော ဖေဖေ့ဖုန်းကို မဆက်ဖြစ်သည်မှာ ၈လပင်ရှိတော့မည်....
ဖေဖေသည် ကျွန်မစိတ်ချမ်းသာအောင် အမြဲပြောတတ်လေသည်... ကျွန်မအရင်က မီးဖိုကိစ္စစိတ်မ၀င်စားခဲ့ မေမေကသင်ပေးမည်ဟု ပြောသော်လည်း ကျွန်မ မသင်ချင်....တစ်ခါတစ်လေ စိတ်ကူးမိသောအရာများကို လျှောက်ချက်တော့လည်း မေမေကအရူးဟင်းဟု အမြဲပြောသည်...ထိုအခါတိုင်း ဖေဖေသည်သာ ကျွန်မ၏ တစ်ဦးတည်းသော စားသုံးသူဖြစ်ခဲ့သည်.... အခုကျွန်မဟင်းချက်တတ်ခဲ့လေပြီ...ကျွန်မဟင်းချက်ပုံကိုပြောပြတိုင်း မေမေက အံ့သြစွာနားထောင်သည်....တယ်ဟုတ်ပါလားဟု ချီးမွန်းသည်....ကျွန်မစိတ်ကူးထားမိသည်.. ဒီတစ်ခါပြန်လျှင် ကျွန်မ၏ တစ်ဦးတည်းသော စားသုံးသူကို ချက်ကျွေးရဦးမည်ဟု......
ကျွန်မကြိုးစားရဦးမည်....ကျွန်မ၏ဘ၀တွင် လိုချင်တာရစေခဲ့သော ကျွန်မကိုအလွန်ချစ်၍ အမြဲကာကွယ်ပေးခဲ့သော ဖေဖေ့၏ တတိယအရွယ်တွင် လိုအပ်မှု့တိုင်းကို ဖြည့်ဆည်းပေးနိုင်သည့် အမှီအခိုကင်းသည့် သမီးတစ်ယောက်ဖြစ်လာချင်ပါသည်...ထို့အတွက် အခုအချိန်တွင်တော့ ဖေဖေ့ဘေးမှာမနေနိုင်သေးသည်ကို ကျွန်မနှုတ်မှ ဖွင့်မပြောသော်လည်း ဖေဖေခွင့်လွှတ် နားလည်နေလိမ့်မည်ဟု ကျွန်မယုံကြည်နေပါသည်.....

4 comments:

@@@ said...

Thiri, very touching piece.

I am sure your father will be very proud and happy to have a filial daughter like you.

In life, we all love our parents and our parents love us. But sometimes, we don't show our affections for each other.

(sayarma)

Shwe Yee Phyo said...

အစ်မရေးတဲ့ စာလေးကို ဖတ်ပြီး ငိုလိုက်ရတာ အစ်မရယ် ... ။ တစ်နေ့ကျရင် မေမေနဲ့ဖေဖေ့ကို ပြောပြရဦးမယ် ..။

sleepy_kitty said...

myat yay tg wal tal... !_!

Khin Thiri Min said...

@sayarma Thanks. :)
@SYP hehe.. အမလည်း စာရေးတုန်းကငိုတယ်... :P
@sleepy_kitty Thanks for your comment. :)